ကျိုက်မရောမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်မရော မေ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စု၊ သိမ်ဖြူကုန်းကျေးရွာတွင် ကျေးရွာမြေငှားဂရန်ချပေးရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးက ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသီဟက ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် သိမ်ဖြူကုန်းကျေးရွာရှိ မြေဧရိယာ (၃၃.၁၁၅)ဧကရှိ အိမ်ခြေ(၁၆၀)အား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကွက်ကျဲကွက်စိတ်တိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)