တံတားဦး မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပြောင်းဖူးစိုက်ပျိုးမည်ဆိုပါက ရှေးဦးစွာမြေအောက်ရေဖြင့် မိမိတို့စိုက်ပျိုးမည့် မြေနေရာပေါ်သို့တင်ပြီး ရေတော်မြေတော်ဖြစ်ပါက ထွန်ယက်စိုက်ပျိုးရပါကြောင်း၊ ကျွန်တော်စိုက်ပျိုးထားတဲ့ ပြောင်းဖူးမျိုးကတော့ ကာလာဖိုက် (Color Fight Seeds) ပြောင်းမျိုးဖြစ်ပါတယ်၊ မြေတစ်ဧကလျှင် ပြောင်းဖူးမျိုးစေ့(၄)ဘူးခန့် ကုန်ကျပြီး တစ်ဘူးလျှင် ငွေကျပ်(၅၀၀၀၀) ကုန်ကျပြီး ပြောင်းဖူးစိုက်ပျိုးရန်အတွက် ထွန်စက်ကြီးဖြင့် တစ်စပ်လျှင် ငွေကျပ် (၁၀၀၀၀၀) ပေးပြီး (၂)စပ်ထွန်ယက်ခငွေကျပ်(၂)သိန်း ပေးရပါကြောင်း၊ မြေဩဇာဆိုလျင် အိတ်ကြီး(၂)အိတ် တစ်အိတ်လျှင် ငွေကျပ်(၁)သိန်း၊ ပြောင်းစိုက်ပျိုးရန်အတွက် နေ့စားလုပ်အားခအနေဖြင့် ငွေကျပ်(၁၀၀၀၀)ပေးရကြောင်းနှင့် စက်သုံးဆီအတွက်လည်း ကုန်ကျပါကြောင်း ပြောင်းဖူးစိုက်ပျိုးသူ ဦးမျိုးဝင်း၏ ပြောကြားမှုအရ သိရသည်။
မိမိစိုက်ပျိုးထားသော ပြောင်းဖူးများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းအားဖြင့် ပြောင်းဖူး အဖူး အကြီး/အသေး(၁၀၀၀၀)ကျော် ထွက်ရှိနိုင်ပြီး တစ်ဖူးဈေးကွက်အနေဖြင့် ဖောက်သည်ဈေးငွေကျပ် (၁၀၀၀)ရရှိနိုင်ကာ မိမိပြောင်းစိုက်ခင်းမှ ထွက်ရှိသော ပြောင်းဖူးများကို အနီးအနားမြို့များနှင့် ဈေးများသိုလည်း ရောင်းချနိုင်မည်ဖြစ်ကြောင်း အကျိုးအမြတ်အနေဖြင့် ပြောင်းဖူးစိုက်ခင်းတစ်ဧကလျှင် (၁၅)သိန်းကျော် ရရှိနိုင်မည်ဖြစ်ရာ ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ပြီး မိသားစုအတွက် အပိုဝင်ငွေများ ရရှိနိုင်မည်ဖြစ်သည့်အပြင် ပြောင်းဖူးမှ ထက်ရှိသော ပြောင်းပင်များမှာလည်း နွား၊ မြင်းတို့အတွက် အစာအဖြစ် ပြန်လည်ရောင်းချနိုင်ကြောင်း အဆိုပါတောင်သူထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)