မိုင်းပျဥ်းမြို့၌ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀)စီမံချက်အရ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်(လွန်စိုင်း)ရွာ၊ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က ကျေးရွာလယ်၊ယာမြေနှင့်စပ်လျဥ်း၍ ဥပဒေ၊နည်း‌ဥပဒေများကို ချပြဆွေးနွေးသည်။ ဆက်လက်၍ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ကျေးရွာမြေငှားဂရန်(Village Land Lease)များ ချထားပေးနိုင်ရေးနှင့်စပ်လျဉ်း၍    ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

ထိုနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကျော်တို့က ကျေးရွာမြေငှားဂရမ်ရရှိရေးအတွက် ရှမ်းဘာသာများဖြင့် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်(လွန်စိုင်း)ကျေးရွာ မြေငှားဂရမ်ရရှိရေးအတွက် သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို (၁၂-၅-၂၀၂၆)ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျေးလက်ဦးစီးဌာနနှင့် ကျေးလက်ပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)