ကျောက်ဆည် မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေး၊ ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုစပါးများ စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာ တောင်သူဦးကြည်စိုး စိုက်ပျိုးထားသော ရွှေမနော် မိုးကြိုစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေမနော်မိုးကြိုစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ ပျိုးထောင်ရာ၍ ပျိုးပင်ကြီးထွားမှုနှင့် မျိုးပင်အားကောင်းစေရန်၊ မျိုးစေ့အလေအလွင့်နည်းစေရန်အတွက် ဘောင်စနစ်ဖြင့်ပျိုးထောင်၍ ပြောင်းရွေ့စိုက်ပျိုးခြင်းများကို ပျိုးနုတ်ပြီး လျင်မြန်စွာစိုက်ပျိုးကြောင်း၊ ကောက်ပင်လှန်ခြင်း မြန်ဆန် စေရန်အတွက် ပျိုးပင်များကို မြေအနက် ၁ လက်မခွဲအတွင်း ကောက်ကွက်တစ်ကွက်တွင် ပျိုးပင် (၂/၃)ပင်၊ အကွာအဝေး ၈x၆ လက်မနှင့် တစ်ဧက ကောက်ကွက်ပြည့်မီအောင် စိုက်ပျိုးကြောင်း၊ မြေခံအဖြင့် တီစူပါတစ်အိပ်နှင့် ပိုတက်မြေဩဇာ လေးပုံတစ်ပုံအိတ် ရောစပ်ထည့်သွင်းကြောင်း၊ စိုက်ပျိုးပြီး ၅ ရက်၊ ၂၀ ရက်၊ ၃၅ ရက်နှင့် အလံရွက်ထွက်ချိန်များ၌ ယူရီယား လေးပုံတစ်ပုံအိတ် နှုန်းဖြင့် ၄ ကြိမ် ထပ်မံထည့်သွင်းပြီး သွင်းအားစုများ ထည့်သွင်းပြီးတိုင်း ရေစပ်စပ်ထား၍ သမန်းနိုးခြင်းများ ဆောင်ရွက်ကြောင်း၊ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှုမရှိစေရေး၊ ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်း နည်းစနစ်များဖြင့် စိုက်ပျိုးကြောင်း တောင်သူဦးကြည်စိုးက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးစိုက်ခင်းများအောင်မြင်ရေး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တောင်သူများနှင့်ပူးပေါင်း၍ စိုက်နည်းစနစ်များ ကူညီဖြည့်ဆည်းပေးလျက်ရှိပြီး စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)