တံတားဦး မေ ၁၁
တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာစွမ်းထက်အောင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းအတွက် အစာစရိတ်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်က အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် လုပ်ငန်းများအောင်မြင်တိုးတက်ရေးအတွက် ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး နို့စားနွားမွေးမြူရေးအတွက် အစာစရိတ်များကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သူငယ်တော်ကျေးရွာစွမ်းထက်အောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းတွင် ဒေသခံနို့စားနွား မွေးမြူသူ (၄၅) ဦး၊ နို့စားနွားကောင်ရေ (၁၇၇) ကောင်အတွက် တစ်ကောင်လျှင် ငွေကျပ် (၅၀,၀၀၀) နှုန်းဖြင့် ငွေကျပ် စုစုပေါင်း ၈၈၅,၀၀၀၀၀ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)