မော်လမြိုင် မေ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ရွှေပြည်အေး)၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်ဌေးက ရပ်ကွက်ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု / ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ကံ့ကော်ဖြူက လောင်ကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ အမှတ် (၃၈) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူး ရဲမှူး ရန်နိုင်ထွန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများကိုလည်းကောင်း၊ အမှတ် (၉) လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှ ရဲအုပ်စိုးမြင့်အောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ အသိပညာပေးဟောပြောခြင်းများကို အသီးသီးဟောပြောခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ခြင်းနှင့် မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)