ကာလိ မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက တင်းလီဈေးအတွင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးမင်းကျော်က မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများအားလည်းကောင်း၊ မီးလောင်ကျွမ်းခြင်းအကြောင်းအရင်းများ၊ မီးအတန်းအစားခွဲခြားခြင်း၊ အခြေခံမီးငြှိမ်းသတ်နည်း (၃)နည်း၊ မီးသတ်ယာဉ်စက်များ အချိန်မီငြှိမ်းသတ်နိုင်ရန်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအချက်အလက်များ၊ လျှပ်စစ်မီးလောင်လျှင် ရှောင်ကျဉ်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါကဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မီးဘေးအန္တရာယ်အရေးပေါ် ဖြစ်ပွားလာပါကအလျင်အမြန်ဆောင်ရွက်ရမည့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး ဈေးသူ/ဈေးသားများ ကိုယ်တိုင်လက်တွေ့မီးငြှိမ်း သတ်စေခဲ့သည်။
အဆိုပါ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲသို့ ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူ၊ ကွန်းဟိန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမင်းကျော်နှင့်သတ်ဖွဲ့ဝင်များ၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသူစိုးမိုး၊ ကာလိမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများတက်ရောက်ခဲ့ကြပြီး တင်းလီဈေးအတွင်း မီးလောင်မှု/မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကာလိ(ပြန်/ဆက်)