တောင်ကြီး မေ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဒုတိယအကြိမ် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယအကြိမ် နွေရာသီသင်တန်းအတွက် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေနှင့် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်တို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး အင်္ဂလိပ်စကားပြော သင်တန်းခန်းမ၊ ကွန်ပျူတာသင်ခန်းမတို့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားနေမှုကိုလည်းကောင်း၊ အထွေထွေဗဟုသုတစကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲကျင်းပနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဒုတိယအကြိမ် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင်းဌာနဆိုင်ရာ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)