နွေသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ရေအသုံးချတောင်သူများ ပူးပေါင်းဆောင်ရွက်

ကျောက်ဆည် မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း (၂၀၂၅-၂၀၂၆)ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ရေးအတွက် ဇော်ဂျီဆည်ရေသောက်စနစ်၊ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ စိုက်ပျိုးရေပေးဝေမှုများကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ရေအလေအလွင့်နည်းပါးစွာဖြင့် ဆည်ရေများရယူအသုံးပြုနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းကာ ရေပေးဝေမှုကို စနစ်တကျ စီမံခဲ့ခြင်းကြောင့် နွေစပါး ၃၇၂၃ ဧကနှင့် နွေသီးနှံမျိုးစုံ ၅၆၈၄၀ ဧက စုစုပေါင်း စိုက်ဧက ၆၀၅၆၃ ဧကအား စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

ဇော်ဂျီရေသောက်စနစ်ရှိ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့တွင် မေလ ၁၀ ရက်နေ့၌ သိုလှောင်ရေ ၅၁၄၈၉၀ ဧကပေ သိုလှောင်ထားရှိသဖြင့် အဆိုပါ ဆည်ရေကို အသုံးပြုကာ နွေစပါးနှင့်နွေသီးနှံမျိုးစုံ စိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည့်အပြင်လာမည့် မိုးစပါးပျိုးထောင်ရေများ ပေးဝေရန်အတွက် လုံလောက်မှုရှိကြောင်း သိရသည်။

ဇော်ဂျီဆည်ရေသောက်စနစ်အတွင်း နှစ်စဉ်ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးနှင့် ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေပေးတူးမြောင်းအဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တူးမြောင်းစနစ်များ၊ လယ်ကြားမြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် အမှိုက်များ၊ မြက်များနှင့် ချုံနွယ်သစ်ကိုင်များရှင်းလင်းခြင်း ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား ဌာနမှ တာဝန်ရှိသူများနှင့် ရေအသုံးချသူတောင်သူများပူးပေါင်း၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)