ကျေးလက်နေပြည်သူများ လူနေမှုဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေး

ဆီဆိုင်    ဇန်နဝါရီ     ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသခံပြည်သူ များ သွားလာရေး အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများက လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ပြည်ထောင်စု ရန်ပုံငွေကျပ် (၁၉၀.၈၃၃)သန်းဖြင့် တောင်ရှေ့ကျေးရွာအုပ်စု အတွင်းရှိ လွယ်ထွဲ-တောင်းတပ်-ပန်သခွား ကျေးရွာချင်းဆက်မြေသားလမ်း(၁၆/၂)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း၊ ပြည်ထောင်စု ရန်ပုံငွေ ကျပ် (၁၉၀.၈၃၃)သန်းဖြင့် တောင်ရှေ့ ကျေးရွာအုပ်စုနှင့် လွယ်ပွတ်ကျေးရွာအုပ်စု ချင်းဆက်လမ်းဖြစ်သည့် လွယ်ထွဲ-ထီရီး-မီးရဲ-တောရကျေးရွာချင်းဆက် မြေသားလမ်း(၄/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်းနှင့် တဘက်ကျေးရွာ အုပ်စုနှင့် ကုန်းဆွတ်ကျေးရွာအုပ်စုချင်းဆက်လမ်းဖြစ်သည့် ဝိန်းကောင်- နောင်ခမ်း-နောင်ပီ-လုံစံ-နောင်ချိုသွား မြေသားလမ်း (၇/၀)မိုင်အနက် (၂/၀)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းတို့အား လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းများ အဆင့်မြှင့်တင်ပြီးပါက ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၁၆)ရွာမှ အိမ်ခြေ (၁၆၉၀)၊ အိမ်ထောင်စု(၁၈၄၅)၊ လူဦးရေ(၈၉၆၃)ဦးခန့်၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှု ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)