ပုဇွန်တောင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

ပုဇွန်တောင် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိုးမြင့်တို့က မိတ်ဆက်စကားပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ လိုအပ်ချက်များကရှိပါက ရင်းနှီးပွင့်လင်းစွာဆွေးနွေးရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်