ညောင်ဦး မေ ၁၁
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသသည် အမွေအနှစ်လက္ခဏာရပ်များ ရှေးမူမပျက် တည်ရှိနေခြင်း၊ အမွေအနှစ်များသည် တစ်စုတစ်စည်းတည်း တည်ရှိနေခြင်းတို့ကြောင့် ကမ္ဘာကပင် လေးစားတန်ဖိုးထား၍ အသိအမှတ်ပြုလက်ခံနေသော ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည်။
ကမ္ဘာ့အမွေအနှစ်ပုဂံဒေသ၏ အမွေအနှစ်များတစ်စုတစ်စည်းတည်းရှိသော နယ်မြေဧရိယာကို ဥပဒေအရယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ (Property Area)အဖြစ် သတ်မှတ်ထားပြီး ၎င်းဒေသအတွင်းတွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံပေါင်း (၃၅၉၅)ခုနှင့် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသကို ကာကွယ်နိုင်ရန် သတ်မှတ်ထားသောကြားခံဒေသ (Buffer Area) အတွင်းတွင် (၂၄၂)ခု၊ စုစုပေါင်း (၃၈၃၇) ခု တည်ရှိနေကြောင်း သိရသည်။ မြန်မာတို့၏သမိုင်းရာဇဝင်များတွင် ခမ်းနားစွာ တည်ရှိခဲ့သောပုဂံဒေသသည် ရာဇဝင်များနှင့် မြေပြင်အထောက်အထားများအရ အေဒီ (၁၁) ရာစုမှ (၁၃) ရာစုအတွင်း အကြီးကျယ်ဆုံး အခမ်းနားဆုံး တည်ရှိခဲ့ကြောင်းကို ၎င်းကာလများတွင် တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံများကို လေ့လာခြင်းအားဖြင့် သိရှိနိုင်ကြောင်း သိရသည်။
ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ ဗိသုကာနှင့်အနုပညာလက်ရာများကို မျက်မြင်တွေ့ထိ သုံးသပ်နိုင်သော်လည်း မြေပြင်အောက်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန်အတွက် ဟိုတယ်ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သုတေသနဌာနစုသည် ရှေးဟောင်းအဆောက်အအုံများ၏ အုတ်မြစ်တည်ဆောက်မှုစနစ်အား တူးဖော်သုတေသနပြု လေ့လာလျက်ရှိကြောင်း၊၂၀၂၃ ခုနှစ်မှ စ၍ ခေတ်ကာလမတူညီသော ရှေးဟောင်းအဆောက်အအုံ (၁၂)ခု၏ အုတ်မြစ်တည်ဆောက်မှု စနစ်ကို တူးဖော်သုတေသနပြု လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ်တွင် ရှေးဟောင်းအဆောက်အအုံ(၃)ခုဖြစ်သည့် သဗ္ဗညုဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ(ရှေးဟောင်းအဆောက်အအုံအမှတ်-၁၆၀၃)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ (ရှေး ဟောင်းအဆောက်အအုံအမှတ်-၁၆၁၄)၊ ညောင်ဦး-ပုဂံမြို့ ဟောင်းကားလမ်းဘေး မင်းအိုချမ်းသာဘုရားအရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံအမှတ်-၁၉၀၅ တို့၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုသွားမည်ဖြစ်ကြောင်း သိရသည်။
တူးဖော်သုတေသနပြုလုပ်ငန်းများအကောင်အထည်မဖော်မီ ဆောင်ရွက်ရလေ့ရှိသော ရိုးရာ ထုံးတမ်းဓလေ့တစ်ခုဖြစ်သည့် ပင့်သံဃာများဖြင့် အန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်းကို ပြုလုပ်ပြီးဖြစ်ကြောင်းလည်း သိရသည်။
လက်တွေ့တူးဖော်သုတေသနပြုခြင်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသောကြောင့် လေ့လာလိုသည့် သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုမှုများကို စိတ်ပါဝင်စားသည့် မည်သူ မဆို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးညီမွန်းကထံက သိရသည်။
ဒီပါလင်း