စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် တွေ့ဆုံ

ပျော်ဘွယ် မေ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခြင်းကို မေ ၁၀ ရက် နံနက် ၁၁ နာရီခွဲက ကင်းတားကျေးရွာ၊ ဇီဝကမွေးမြူရေးခြံတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဒုတိယဝန်ကြီးက နိုင်ငံတော်တွင်အသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းမွေးမြူရေးလုပ်ကိုင်နေသူများအနေဖြင့် အရည်အသွေးမြင့် အသားထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် ဆောင်ရွက်ရမည့် အခြေအနေများ၊ မွေးမြူရေးဇုန် သတ်မှတ်၍ စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်ချက်ချမှတ်ထားမှု စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အတွင်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများက လက်ရှိအခြေအနေတွင် အသားကဏ္ဍအတွက် မွေးမြူထားမှု အခြေအနေများ၊ အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့်များ ရရှိရေးလိုအပ်နေမှု စသည့်အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသန်းအေးနှင့် ဝန်ထမ်းများ၊ ရမည်းသင်းခရိုင်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ သက်ဆိုင်ရာဌာနများ၊ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)