ပြင်ဦးလွင် မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်းမီးပုံပွဲအောင်ပွဲအခမ်းအနားကို မေလ ၉ ရက်နေ့ ည ၇ နာရီက ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE-Falls) တွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နယ်မြေခံတပ်နယ်ရှိ အရာကြီးများ၊ ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူရည်ချွန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်းအောင်ပွဲ အထိမ်းအမှတ် မီးပုံးငယ်အလုံး ၁၀၀ လွှင့်တင်သည်။ ပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောသည်။ လူရည်ချွန်မောင်မယ်များ ကိုယ်စား လူရည်ချွန်ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်ဇနီး တို့က လူရည်ချွန်မောင်မယ်များအား ဒေသထွက် လက်ဆောင်များ အမှတ်တရ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်/တိုင်းအလိုက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မီးပုံပွဲကျင်းပပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူရည်ချွန်ကြီးများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများတို့သည် မီးပုံပွဲအား လှည့်ပတ်ကာ ပျော်ပျော်ရွှင်ရွှင် သီချင်းများဆို၍ အခမ်းအနား ကို ရုပ်သိမ်းပြီးယနေ့ နံနက် ၇ နာရီတွင် ပြင်ဦးလွင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်များသည် မိမိတို့၏ သက်ဆိုင်ရာစုရပ်စခန်းအသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြပြီး တာဝန်ရှိသူများက လက်ပြနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)