၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြု မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၀

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အားကစားအဖွဲ့များက တစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုမိတ်ဆက်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များအနေဖြင့် မိမိတို့ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အားကစားမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန်၊ မိမိတို့၏ တစ်ဦးချင်း အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝနှင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရန်၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ် လူငယ် ကြက်တောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများဖြစ်လာအောင် ကြိုးစားသွားကြရန် ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား လက်ဖက်ရည်နှင့်မုန့်များဖြင့် တည်ခင်းဧည့်ခံပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/ နည်းပြများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို အားကစားသမား(၂၃၉)ဦးဖြင့် မေလ(၁၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)