မင်္ဂလာဒုံ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုစိတ်ဓါတ်တိုးတက်မြင့်မားရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မနက်ပိုင်းက သင်္ကန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းအား ဂုဏ်ပြုသီဆိုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ခေါင်းစဉ်ဖြင့်ဟောပြောခြင်း ၊ မင်္ဂလာဒုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ မူဝါဒရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသောအကြောင်းအရာများကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
ထို့နောက် တက်ရောက်လာသူများအား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနိုင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးလေးမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်နှင့်ဝန်ထမ်းများ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းနှင့်ဝန်ထမ်းများ၊ ပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးများ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)