ကျောက်ဆည်မြို့၌ သံပယိုသီးဈေးကွက်ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာ

ကျောက်ဆည် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌  သံပုယိုသီးဈေးကွက် ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူ ပိုမိုများလာကြောင်း သိရသည်။

သံပုယိုသီးနှံစိုက်ပျိုးမည်ဆိုပါ အပင်ခြား၊ အတန်းခြား ၅ ပေမှ ၈ ပေ အကွာစိုက်ပျိုးမှသာ ကိုင်းဖျာထွက်မှု ကောင်းစေခြင်းနှင့် လိုအပ်သည့်အချိန်များတွင် ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာ ကျွေးခြင်းရေတင်ပေးခြင်းနှင့် ပေါင်းမြက်နှင့်မလိုအပ်သည့်ကိုင်းများကို ရှင်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီးအထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း၊  စိုက်ပျိုးသူအများစုသည် စိုက်ပျိုးပြီး(၈)လအရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး(၁)နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချရသည့် ကိုင်းကူးပျိုးပင်များ ပို၍စိုက်ပျိုးကြကြောင်း သိရသည်။

သံပုယိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့် နုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံး အဖူး၊ အပွင့်၊ အသီးများဖြင့် ပြည့်စုံပြီး နေ့စဉ်နီးပါး လက်လီခူးဆွတ် ရောင်းချနိုင်ကြောင်းနှင့် ယခုအခါ သံပုယိုသီးဈေးကွက်ကောင်းမွန်သည့်အတွက် စိုက်ပျိုးသူများပြား လာကြောင်း  သံပုယိုစိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)