မိုးညှင်း မေ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို မေ(၉)ရက် နေ့လယ်ပိုင်းက အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်သည် တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်မှုရှိစေရေး၊ ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ရင်းနှီးချစ်ခင်မှုများရရှိစေရေးတို့အတွက်ရည်ရွယ်ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စုငါးစုမှ တိုင်းရင်းသားပြည်သူများက အဆိုပါ အားကစားပြိုင်ပွဲတွင် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများကပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မိုးညှင်းမြို့နယ်တွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများဖြစ်ကြသည့် ရှမ်းနီ၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းလေနှင့် တိုင်းဆာမျိုးနွယ်စု ငါးစုတို့မှစာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဆက်လက်တွေ့ဆုံရာတွင် သက်ဆိုင်ရာမျိုးနွယ်စုအသီသီးမှ ရိုးရာယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများ၊ စာပေနှင့်ဘာသာစကားများ မပျောက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းကြရေးနှင့် မြို့နယ်နှင့်ရပ်ကျေးအဆင့်အထိ စာပေယဉ်ကျေးမှုအသင်းအဖွဲ့ များ စနစ်တကျ သတ်မှတ်ဖွဲ့စည်းနိုင်ရေးတိုက်တွန်းမှာကြားသည်။
ထို့နောက်တက်ရောက်လာကြသည့် ရှမ်းမျိုးနွယ်စု စာပေယဉ်ကျေးမှု အသင်းအဖွဲ့များက သိလိုသည်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးကလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း