စဉ့်ကိုင်မြို့တွင် ခွင့်မပြုဆိုးဆေးနှင့် ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ အသုံးပြုခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေး မေ ၁၀

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-မန္တလေးမှ တာဝန်ရှိသူများသည် စဉ့်ကိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မေလ ၈ ရက်နေ့က စဉ့်ကိုင်မြို့နယ်၊ မြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ရောင်းချနေသည့် အစားအသောက်များတွင် ခွင့်မပြုဆိုးဆေးနှင့်ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများ အသုံးပြုခြင်းရှိ/မရှိ စသည့်အစား အသောက်နမူနာ (၁၄)မျိုးအား ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် ရှောင်တခင်စစ်ဆေးခြင်း၊ ဈေးအတွင်းရှိ အလှကုန်ဆိုင်များတွင် ကြေညာချက်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးသူ၊ ဈေးသား များအား အစားအသောက်၊ဆေးဝါး၊ အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းတို့အား ဆောင်ရွက်သည်။

တိုင်းဒေကြီးအစိုးရအဖွဲ့ ၏ ရက်(၁၀၀) အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာဈေးများအား ရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြင့်မော်ထွန်း(ပြန်/ဆက်)