ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် UID ကတ် မရှိသေးသူများအား လူမှုဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟန်းမြို့နယ်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဗဟန်းမြိူ့နယ် (လဝက) ဦးစီးမှူး ဦးခင်မောင်သန်း ဦးစီး၍ ဝန်ထမ်းများမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ရွှေတောင်ကြား (၁) ရပ်ကွက် အ.မ.က (၃) ကျောင်း၌ အခြေပြု၍ ရွှေတောင်ကြား(၁ ၊ ၂) ရပ်ကွက်နေ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသည့် ပြည်သူများအားလည်းကောင်း၊ ဆရာစံရပ်ကွက် ကမ္ဘာအေးဘုရားလမ်းရှိ တရုတ်ဘုံကျောင်း၌ အခြေပြု၍ ဆရာစံရပ်ကွက်နေ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသည့် ပြည်သူများအား Unique ID နံပါတ် UID Card ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်နှင့် ဒေါ်ရီရီတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ဗဟန်းမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သီတာမျိုးနှင့်အဖွဲ့တို့က လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)