စစ်တွေ မေ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၇ ရက်နေ့ နေ့လယ်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ဒုတိယပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုလာစက်ရုံဆိုင်ရာအချက်အလက်များနှင့် လက်ရှိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေများကို ရှင်လင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံကျောင်းတိုက် (ရွှေကျင်ကျောင်း) သို့ သွားရောက်ပြီး မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ မူလတန်းကြိုကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ကြပြီး ကျောင်းဆောင် သစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်းပေးကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် မူကြိုကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်ကြပြီး ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ မိမိတို့ ကလေးငယ်များနှင့် အနီးပတ်ဝန်းကျင်ရှိကလေးငယ်များ မူကြိုတက်ရောက်နိုင်ရေး၊ မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မဈေးသို့သွားရောက်၍ ဟင်းသီးဟင်းရွက်ဈေးတန်းနှင့် သားငါးဈေးတန်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဈေးတန်းများ ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဈေးများသန့်ရှင်းသာယာရေး၊ မီးဘေးလုံခြုံရေးတို့ကို အထူးအလေးပေးဆောင်ရွက်သွားကြ ရန်မှာကြားပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ်အတွင်း MSME လုပ်ငန်းများ ဖြစ်သော မာန်အောင်ရတနာကုမ္ပဏီ၏ အုန်းနို့၊ အုန်းဆီနှင့် အုန်းသီးခြောက်မုန့် စက်ရုံကိုသွားရောက် ကြည့်ရှုကြရာ ကုမ္ပဏီတာဝန်ခံက စက်ရုံ၏ထွက်ကုန်များ၊ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချခဲ့မှုများ၊ ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြကာ စက်ရုံ အတွင်းလှည့်လည် ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် မြို့မိ၊ မြို့ဖများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)