မရမ်းကုန်း မေ ၁၀
၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့ကြက်ခြေနီနေ့နှင့်ပတ်သက်၍ လည်း ကောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ ဟောပြောရာတွင် “ ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့ဟာ တွေကြုံလာတိုင်း မိမိရဲ့အသက်ကို ပဓာနမထားဘဲ ရှေးဦးသူနာပြုစုနည်းတွေနဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ် စောင့်ရှောက်ပေးနေတဲ့ မွန်မြတ်လှတဲ့ နှလုံးသားပိုင်ရှင်များကို ဂုဏ်ပြုတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပါတယ်။ ကြက်ခြေနီအသင်းကြီး စတင်ဖြစ်တည်ပုံကတော့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ဟာ စစ်မြေပြင်မှာ ဒဏ်ရာရနေပြီး အကူအညီမဲ့နေတဲ့ စစ်သားတွေကို အနီးဝန်းကျင်က ရွာသူရွာသားတွေကို စုစည်းပြီး ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ လူသားချင်းစာနာမှုနဲ့ ပြုစုကူညီခဲ့တဲ့ ၁၈၅၉ ခုနှစ်၊ အီတလီနိုင်ငံ ဆိုဖာရီနိုစစ်မြေပြင်ကနေ စတင်သန္ဓေတည်ခဲ့တာ ဖြစ်ပါတယ်။
ဟင်နရီဒူးနန့်ဟာ ဒီအတွေ့အကြုံကိုအခြေခံပြီး "A Memory of Solferino" စာအုပ်ကိုရေးသားပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖြန့်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာ နိုင်ငံ့ခေါင်းဆောင်တွေကို စိတ်ရဲ့လှုပ်နှိုးနိုင်ခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူရဲ့မွေးနေ့ဖြစ်တဲ့ မေလ (၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ကာ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်”ဟု ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ဝေသော ကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း လက်ကမ်းစာစောင်၊ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိကောင်းစရာ စာအုပ်များအား အခမဲ့ ဝေငှပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နံရံကပ်အသိပညာပေးစာစောင်များကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မင်းသိန်းထွန်း