မိုင်းရယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မိုင်းရယ် မေ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မေ ၈ ရက်နေ့ နံနက် (၁၁) နာရီက ပြုလုပ်သည်။

စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ထွန်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးထားရှိမှုအခြေအနေများကို စစ်ဆေးကြည့်ရှုသည်။

မိုင်းရယ်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အစိုးရသစ်လက်ထက် ပထမရက် ၁၀၀ စီမံချက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် အပတ်စဉ် အင်္ဂါနေ့တွင် ဌာနဆိုင်ရာရုံးများသို့လည်းကောင်း၊ ဗုဒ္ဓဟူးနေ့တွင် မြိုပေါ်ရပ်ကွက်များရှိ နေအိမ်ဆိုင်ခန်းများသို့လည်းကောင်း၊ ကြာသပတေးနေ့တွင် မြိုမစျေးအတွင်းရှိ ဆိုင်ခန်းများသို့လည်းကောင်း၊ သောကြာနေ့တွင် စက်သုံးဆီဆိုင်များသို့လည်းကောင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်သွားမည့်အပြင် စာသင်ကျောင်း စက်ရုံ အလုပ်ရုံ စျေးများသို့ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)