ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေး

တောင်ကြီး မေ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ အစိုးရသစ် ကာလ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပန်းဆောင်ရွက်ကြရန် လို‌အပ်ကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံ၍ အရည်အသွေးကောင်းမွန်သည့် သားငါးကဏ္ဍများ ပိုမိုရရှိအောင်ဆောင်ရွက်ပြီး ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချ နိုင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာအတတ်ပညာများအား အများပြည်သူ သိရှိနိုင်စေရေး သင်တန်းများ၊ ဟောပြောပွဲများကိုလည်း ဆောင်ရွက်‌ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထန်းများက တစ်ဦးချင်း မိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံချက်များ၊ လျာထားချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြိုနယ်၊ မြိုရုံးများမှ အရာထမ်းအမှုထမ်း စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)