ညောင်ရွှေ မေ ၉
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက် ၇ နာရီက အခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ စက်လှေများဖြင့် အင်းလေးကန်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။
ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ကေလာကျေးရွာရှိရေခြံစိုက်ပျိုးရေးလုပ်ငန်းကို လေ့လာလည်ပတ်ခဲ့ကြပြီး ဟဲယာရွာမကျေးရွာရှိ စိန်သမာဓိငွေပန်းထိန်နှင့် ရိုးရာခြည်ထည်၊ ပိုးထည်လုပ်ငန်းသို့ သွားရောက်လေ့လာလည်ပတ်ရာ လုပ်ငန်းတည်ထောင်သူ ဦးစံလင်းက လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား၍ လူရည်ချွန်မောင်မယ်လေးများနှင့် ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပစ္စများပေးအပ်ခဲ့သည်။
ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် တာဝန်ရှိသူများနှင့်အတူ ငွေပန်းထိန်လုပ်ငန်းခွင်နှင့် ခင်းကျင်းပြသထားသည့် အရောင်းပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ရိုးရာအထည်များ ဝယ်ယူခဲ့ကြသည်။
၎င်းနောက် လူရည်ချွန်မောင်မယ်လေးများသည် သမိုင်းဝင် အလိုတော်ပေါက်ဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၍ အလိုတော်ပေါက်ကျောင်ဆရာတော်ကြီးအား ဖူးမြော်ကန်တော့ကြပြီး စုပေါင်းဝတ္ထုငွေဆက်ကပ်လှူဒါန်းကာ ဘုရားရင်ပြင်တော်ရှိ ဈေးဆိုင်ခန်းများည၌ ဒေသရိုးရာ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် လူရည်ချွန်မောင်မယ်လေးများသည် အ.ထ.က၊ သာလေး၌ နေ့လယ်စာသုံးဆောင် ကြပြီးနောက် တန်ခိုးကြီး အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များအား သွားရောက်ဖူးမြော် ကြည်ညိုကြ၍ ပန်းရေချမ်းတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့် စုပေါင်းလှူဒါန်းပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဘုရားရင်ပြင်တော်ရှိ ဈေးဆိုင်ခန်းများည၌ ဒေသရိုးရာစားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများဝယ်ယူခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ