ရန်ကုန် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်နှင့် အဖွဲ့သည် မေ ၈ ရက်နေ့ ညနေ (၄) နာရီအချိန် သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့အား ခရိုင်ရုံးခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ခရိုင်အတွင်းဆောင်ရွက်လျှက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ကျေးရွာစာကြည့်တိုက်များ တိုးချဲ့တည်ဆောက်လျှက်ရှိမှု၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ ဓါတ်ပုံနံရံကပ်စာစောင် စာအုပ်ပြပွဲများ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်က နိုင်ငံတော်အကြီးအကဲအနေဖြင့် အသိပညာဗဟုသုတရရှိစေမည့် စာကြည့်တိုက်များတိုးပွားရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး ဦးတည်ဆောင်ရွက်လျှက်ရှိပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းကူညီပေးရန် အသင့်ရှိပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးသည်။
ထိုနောက် လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ် ( Mini Museum) တို့အား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)