စဉ့်ကိုင်မြို့နယ်၌ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းဆွေးနွေး

စဉ့်ကိုင် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဒေသခံတောင်သူများ ပျားဖြင့်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ အသုံးချတတ်စေရန်၊ စီးပွားဖြစ်ပျားမွေးမြူသူများအတွက် ကုန်စရိတ်ပိုမိုသက်သာစေရန်စသည်တို့ကို သိရှိ‌စေရန် ရည်ရွယ်ကာ ပျားအိမ်အမျိုးအစားအလိုက် ကုန်ကျစရိတ်၊ အားသာချက်နှင့် အားနည်းချက်များ ရှင်းလင်းပြသပွဲကို မေ ၈ရက် မွန်းလွဲ၂ နာရီက ဆည်ရွာကျေးရွာအုပ်စု၊ ဆည်ရွာကျေးရွာရှိ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲရုံးအတွင်း၌ ပြုလုပ်သည်။

ရှင်းလင်းပြသပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စဉ့်ကိုင်မြို့နယ် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ ဦးစီးမှူးဦးသိန်းကိုက တောင်သူများ ပျားဖြင့်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်ရန်နှင့် စီးပွားဖြစ်ပျားမွေးမြူသူများအတွက် ကုန်ကျစရိတ် ပိုမိုသက်သာစေရန်နှင့် အကျိုးရှိစွာအသုံးချတတ်စေရန်အတွက် ပျားမွေးမြူမှုဌာနခွဲ၏ စမ်းသပ်ဆောင်ရွက် မွေးမြူခဲ့ရာမှ တွေ့ရှိချက်များ၊ အကြံပြုချက်များဖြစ်သည့် တောင်သူများအတွက် ပျားသလက်ချက် ၅ ချက်ဆံ့၊ ၅ ထပ်သားပြား အိမ်ခွံသည့် အသင့်တော်ဆုံး၊ စီးပွားဖြစ် ပျားမွေးမြူသူများအတွက် ပျားသလက် ၁၀ ချပ် ကျွန်းသားပြားအိမ်ခွံသည် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်ကြောင်းနှင့် ပျားအိမ်များ၏ ကုန်ကျစရိတ်များကို ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြည့်စွက် ဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)