မော်လမြိုင် မေ ၉
မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မိလဝီဟန်သည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၏ မြို့မပျိုးဥယျာဉ် (၁)နှင့် (၂)၌ ပျိုးထောင်ထားရှိသော ရက် (၁၀၀) အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ဦးစွာ မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်က ပျိုးစင်အတွင်း ပျိုးထောင်ထားသည့် ပျိုးပင်အရေအတွက်၊ ဖြန့်ဝေစိုက်ပျိုးမည့်အစီအစဉ်တို့အားလည်းကောင်း၊ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးသူမှ ပျိုးစင်အတွင်း စိုက်ပျိုးထားသည့် သစ်မျိုးများနှင့် ၎င်းတို့၏ အရေးပါပုံများအား ရှင်းလင်းတင်ပြခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက သစ်တောဦးစီးဌာနအနေဖြင့် ထာဝရကုသိုလ်ရယူဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့၊ သစ်ပင်စိုက်လျှင် တို့ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ စသည့် ဆောင်ပုဒ်များနှင့်အညီ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင်များပျိုးထောင်ခြင်း သစ်ပင်စိုက်ပျိုးပွဲတော်များ၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးစိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်း၊ ပြည်သူလူထုဖြန့်ဝေစိုက်ပျိုးခြင်းအတွက် ပျိုးထောင်ခြင်း၊ တပ်ရင်း/တပ်ဖွဲ့ဖြန့်ဝေစိုက်ပျိုးခြင်းအတွက် ပျိုးထောင်ခြင်းတို့ကို အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်