ကော့မှူး ဇန်နဝါရီ ၁၆
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံး ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင်လက်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များအား ၂၀၂၁ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ပြန်လည်ရွေးချယ် ခန့်အပ် တာဝန်ထမ်းဆောင်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များအား အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေနည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မည့် (Time Frame) ပါ အချိန်ကာလ သတ်မှတ်ချက်များအတိုင်း ခန့်အပ်နိုင်ရေး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ ယန္တရား အဆင့်ဆင့် ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးများနှင့် ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းက ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ကျော်သူရ (ကော့မှူး)