သာစည် ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အိမ်မွေးတိရိစ္ဆာန်ခွေး၊ ကြောင်ကောင်ရေတစ်ရာကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းအား ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးတွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ (၂၀၁၈-၂၀၃၀) မှာ ခွေးရူးရောဂါ ကင်းစင် ပပျောက်ရေးနဲ့ အညီဖြစ်စေဖို့နဲ့ ပြည်သူများ အတွင်း အိမ်မွေးတိရိစ္ဆာန် ခွေး၊ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံသည့် အလေ့အထ ကောင်းများ ရရှိစေဖို့ရည်ရွယ်ထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်မိုးကျော်က ပြောသည်။
ကမ္ဘာပေါ်မှာ ခွေးရူးရောဂါကြောင့် ၁၅ မိနစ်မှာ တစ်ယောက်နှုန်းလူ့အသက်တွေဆုံးရှုံးနေရပါတယ် ခွေးရူးရောဂါ ကာကွယ် ဆေးဟာ ခွေး၊ ကြောင်တွေကို ခွေးရူးရောဂါဖြစ်ခြင်းကနေ ရာနှုန်းပြည့် ကာကွယ်တဲ့အတွက် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဟာ လူ့အသက် ပေါင်းများစွာကို ကာကွယ်နေခြင်း ပဲဖြစ်ပါတယ် ရောဂါအန္တရာယ်ရှိတဲ့ နေရာတွေမှာ ခွေးကောင်ရေ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနိုင်ခဲ့မယ်ဆိုရင်ရောဂါ ကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးရောဂါဖြစ်ပွားပြန့်နှံ့မှုမဖြစ်ရအောင် ခွေး၊ကြောင်မွေးမြူထားတဲ့ ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါကာကွယ်ဆေးမှာ ခွေးရူးရောဂါ မဖြစ်စေရန် တစ်နှစ်ကြာကာကွယ်သောဆေး ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)