မချမ်းဘော မေ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူ့အစိုးရသစ်ရက် ၁၀၀ စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုအခြေပြုဗဟိုဌာနတွင် ရက် ၁၀၀ စီမံချက် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို မေ ၆ ရက်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က. စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ ခေါင်းစဥ်ဖြင့်ဟောပြောပြီးနောက် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ စာဖတ်ပရိတ်သတ် မူလတန်းကျောင်းသားကျောင်းသူ(၁၀)ဦးတို့က စာရေးဆရာမောင်ယဥ်နွယ်ရေးသားထားသော ဗဟုသုတအဖြာဖြာစာအုပ်ထဲမှာရှာ ခေါင်းစဥ်ဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ အလယ်တန်း ကျောင်းသားကျောင်းသူများက ပညာလိုအိုသည်မရှိ၊ ဇွဲလုံးလဝိရိယ၊ ကောက်ကျစ်တတ်သော ကျားစသည့်ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များအသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော စာဖတ်ပရိတ်သတ် ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော ငလျင်ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲနှင့် သုတရသစာအုပ်စာသောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ယောရွှေနီ(မချမ်းဘော)