ကလော မေ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေဆိုင်ရာအကြောင်း ရှင်းလင်းပွဲကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကလောမြို့နယ်ရှိ မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေး ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇင်မောင်မောင်က မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ ရှင်းလင်းပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တောင်ကြီးခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်စန်းဝင်းက မြေဩဇာဥပဒေဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မူဝင်းကြည်က မျိုးစေ့ဥပဒေဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးချိုချိုစိုးက ပိုးသတ်ဆေးဥပဒေဆိုင်ရာ ကိစ္စရပ်များအား power point ဖြင့် အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြကာ ခရိုင်ဦးစီးမှူးကနိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကလောမြို့နယ်အတွင်းရှိ မြေဩဇာ၊မျိုးစေ့နှင့်ပိုးသတ်ဆေး ရောင်းချလျက်ရှိသည့်ဈေးဆိုင်ခန်းများအား သက်မှတ်ထားသည့်ဥပဒေနဲ့အညီ လိုက်နာရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကျော်ဝင်း(ကလော)