နမ့်စန်(တ) မေ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခိုလမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်တို့က မိတ်ဆက်စကားများပြောကြား၍ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတူတကွပေါင်းစပ်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခိုလမ်မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် ဌာနအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကိုတင်ပြဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)