နမ့်စန်(တ) မေ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် ဧပြီလ ၃၀ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဟိုနောင်ကျေးရွာအုပ်စု ၊ နောင်ခမ်းကျေးရွာရှိ လူနေအိမ် (၄၄)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှထောက်ပံ့သည့် ငွေများကို ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့နေ့လည် ၁နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ပြည်သူများသဘာဝဘေးအန္တရာယ်သတိပြုနေထိုင်ရေး၊ ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး၊ သဘာဝဘေးထိခိုက်ဆုံးရှုံးမှုအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်မှုအခြေအနေ၊ သဘာဝဘေးများဖြစ်ပွားပါက အချိန်နှင့်တပြေးညီသတင်းပို့ရေးစသည်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသီတာနွယ်၊ နမ့်စန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ခိုလမ်မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက လေပြင်းဒဏ်သင့်နေအိမ်များအတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း ၃,၅၀၅,၀၀၀ ကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)