မောက်မယ်မြို့နယ်၌ (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မောက်မယ် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်း ကြီးစာသင်တိုက်၌ (၄၄)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ထီဟံခွီးကျောင်း ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်၍ (၄၄)ကြိမ်မြောက်ပရိယတ္တိသာသနပါဒကစာ မေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်ရှင်သာမဏေများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အောင်လက်မှတ်နှင့်အောင်ဆုချီးမြှင့်ဆက်ကပ်တော်မူပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ အလှူရှင်များကလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ကြွရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပရိယတ္တိသာသနပါလစာမေးပွဲကို မေလ(၂)ရက်နေ့မှ(၇)ရက်နေ့အထိ ပရိယတ္တိသာသနပါဒက ကျောင်းကြီးစာသင်တိုက်၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျကျင်းပပြုလုပ်ခဲ့ရာ စာပွဲတော်တွင် ရှင်သာမဏေများ(၂၂၆)ပါး ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)