တောင်ကြီး မေ ၈
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များအနေဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှရရှိနိုင်စေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)ခွဲအချိန်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စစ်မှုထမ်းဟောင်းအဆင့်မြင့်အိမ်ရာတွင်ကျင်းပဆောင်ရွက်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပြည်လွှတ်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်၊ တပ်ရင်းတပ်ဖွဲ့မှူးများ၊ ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမြင့်ရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် အမျိုးသမီးများအတွက် စက်ချုပ်နည်းပညာရပ်များဖြင့် လုပ်ငန်းထူထောင်၍ မိသားစုဝင်ငွေတိုးပွား လာစေရန် သင်ကြားပေးသည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းနည်းပြအနေဖြင့် သင်တန်းပြီးစီးပါက မိမိသင်တန်းသူများအား လုပ်ငန်းစတင်အကောင်အထည်ဖော်နိုင်ရေး၊ ဈေးကွက်ဝင် ဒီဇိုင်းများချုပ်လုပ် နိုင်ရေးကို ဦးစွားပေးရွေးချယ်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိ လာသည့် အခြေခံကောင်းများအပေါ် ကိုယ်တိုင်တီထွင်ဆန်းသစ်မှုများဖြင့် ထိုးထွင်းကြံဆပြီး ပိုမိုကောင်းမွန်သည့် ဒီဇိုင်းများထုတ်လုပ်နိုင်စေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဆန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်တို့က သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြ၍ သင်တန်းသုံးပစ္စည်းများအားကြည့်ရှုရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား မေလ(၇)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ လည်းကောင်း၊ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား ဇွန်လ(၁၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ လည်းကောင်း သင်တန်းသူ(၁၃)ဦးဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများထဲမှ ထူးချွန်သင်တန်းသူ(၅)ဦးအား ရွေးချယ်၍ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန် ကူညီဆောင်ရွက်ပေး၍ လုပ်ငန်းသုံးပစ္စည်းများအား သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)