မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် မေ ၈

၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်ဘောလီဘောအသင်းနှင့် သထုံမြို့နယ်ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြိုင်ပွဲအလိုက်အကောင်းဆုံး အားကစားထူးချွန်ဆုရရှိသူများ၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ပထမဆုရ မော်လမြိုင်မြို့နယ်အသင်းအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အာကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို မေလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)