ကွမ်းလုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် ဇေယျက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြင်ဆင် ထားသည့် ဥပဒေ၊ နည်းဥပဒေ များ၊ ရွေးချယ်မည့်လုပ်ငန်းစဉ်များနှင့် ဂရုပြုရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူတို့ က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စု(၂၅)ခုမှ အုပ်ချုပ်ရေးမှူးများ နှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)