တောင်ကြီး မေ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အသိပညာပေးဟောပြောမည့် တာဝန်ရှိသူ(၂)ဦးကို အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Video Clip ပြသခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးမျိုးသန့်က ယာဉ်တိုက်ခိုက်မှုအန္တရာယ်စုပေါင်းကာကွယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော၍လည်းကောင်း၊ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်မှုဦးစီးဌာန၊ ယာဉ်မောင်းစစ်ဆေးရေးဌာနမှ ဦးစိုင်းကြည်တင့်(စစ်ဆေးရေးမှူး-၂)မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည်ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများနှင့်အတူ တက်ရောက်ကြသည်။
စိုင်းသန်းကျော်(တောင်ကြီး)