မြစ်သားမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

မြစ်သား မေ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သား မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့်ဖွင့်လှစ်သော အခြေခံမွေးမြူရေး သင်တန်း ( နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်) ဖွင့်ပွဲကို မေ ၆ ရက် နံနက် ၉ နာရီက ပြန်ကြားရေးနင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (community Center)ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင်း ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်ဇော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း‌ပြောကြားရာတွင် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်ခြင်းဖြင့်  စနစ်တကျမွေးမြူရန်၊ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာအသိပညာများရရှိရန်တစ်ပိုင်တစ်နိုင် မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေးသို့ တိုးတက်မွေးမြူနိုင်ရန်၊ မြို့နယ်အတွင်းလူဦးရေနှင့်အညီအသားထုတ် လုပ်မှုကာမိအောင်မွေးမြူထားရှိနိုင်ရန်အတွက် လက်တွေ့လုပ်ငန်းခွင်အခြေခံများကို သင်ကြားပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

သင်တန်းကို မြစ်သားမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော မွေးမြူရေးလုပ်ငန်းရှင် စိတ်ပါ၀င်စားသူ  သင်တန်းသား  ၂၀ တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများနှင့် မွေးမြူရေးဆေးဝါးများပေးအပ်ကြောင်းသိရသည်။ သင်တန်းကို သင်တန်းနည်းပြဆရာ ၂ ဦးတို့က တိရစ္ဆာန်ကျန်းမာရေး‌စောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ ပဋိဇီဝဆေးယဉ်ပါးမှုအကြောင်း၊ ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်၊ ဇီဝလုံခြုံမှု၊ (နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်) မွေးမြူရေး စသည့်ဘာသာရပ်များကို မေ ၅ ရက်မှ ၈ ရက်အထိသုံးရက်ကြာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြစ်သားမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီသီကျော်၊ မြစ်သားမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)