မောက်မယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဉ္စမအကြိမ်မြောက် ချေးငွေပေးအပ်

မောက်မယ် မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီမှ ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်ချေးငွေပေးအပ်သည့် အခမ်းအနားကို မေလ ၅ ရက်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားရာ၌ “မောက်မယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ  ပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံရင်းနှီးပွင့်လင်းစွာတင်ပြနိုင်ပါကြောင်း၊ သို့မှသာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပဉ္စမအကြိမ်မြောက် ချေးငွေရရှိသည့် မြေပဲစိုက်ပျိုးရေးအစုအဖွဲ့(၅)ဖွဲ့နှင့် စာချုပ်ချုပ်ဆိုခြင်း၊ ချေးငွေကျပ်(၁၂၃.၉)သန်းအား ပေးအပ်ခြင်းများကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊  မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)