မန္တလေး ဇန်နဝါရီ ၁၆
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဌာနပေါင်းစုံပါဝင်သော မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ ည၇နာရီခွဲက မြို့နယ် အတွင်းရှိ KTV ဆိုင်များဖွင့်လှစ်လုပ်ကိုင်နေမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ဌာနပေါင်းစုံပါဝင်သော မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် အောင်မြေသာစံမြို့နယ်အတွင်းတွင်ရှိသော KTV လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်သည့်နေရာ (၂)နေရာသို့ ရှောင်တခင်သွားရောက်၍ စစ်ဆေးကြရာ အဆိုပါစစ်ဆေးသည့် နေရာ(၂)ခုလုံးတွင် KTV လုပ်ငန်းဖွင့်လှစ် လုပ်ကိုင်ဆောင်ရွက်နေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် တားဆီး နိုင်ရေးအတွက်စင်တင်တေးဂီတ၊ KTV၊ NightClub၊ Bar အစရှိသည့်ဆိုင်များကို ယာယီပိတ်သိမ်းထားရန် ဆုံးဖြတ်ထားမှု အပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက် ကြခြင်းဖြစ်သည်။
အဆိုပါ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်စစ်ဆေးရေးအဖွဲ့တွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)