မူဆယ် မေ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာချီးမြှင့်ပေးအပ်ပွဲကို မေလ ၅ ရက်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲတွင် မူဆယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဦးနှင့် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က စိုက်ပျိုးတောင်သူများအား အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က မိုးစပါးနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာ ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မျိုးစပါး၊ နေကြာမျိုးစေ့နှင့် သဘာဝမြေဩဇာများကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာဝင်း(ခ) M အောင်ဂျာ နှင့် ဦးကျော်သိန်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်တို့က တောင်သူများလက်ဝယ်သို့ ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)