နောင်တရား မေ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ဓမ္မာရုံ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တွေ့ဆုံသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများသည် စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တွေ့ဆုံပွဲကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များကို ပွင်းလင်းစွာတင်ပြဆွေးနွေးပေးရန် ပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း (ခ) ဒေါ်နန်းလုံခမ်းက ပြည်သူ့လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်က ဒေသတွင်း စီးပွားရေးနှင့် တန်းတူဖွံ့ဖြိုးရေးအတွက် ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးပေးရန် ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ဒေသလိုအပ်ချက်များကို တင်ပြကြပြီး ဒေသဦးစီးဥက္ကဋ္ဌက လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)