နောင်ချို မေ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ၅ ရက်နေ့က နောင်ချိုမြို့နယ်ဦးစီးမှူးရုံးစိုက်ရာ စျေးရပ်ကွက် မြို့လယ်ဓမ္မာရုံသို့ ဖိတ်ခေါ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ကုလားကွဲအုပ်စုအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍ အသက် ၁၀ နှစ်နှင့် အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပေးခြင်းများနှင့် UID ကတ်များအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး သွားလာရေးခက်ခဲသော ကျေးရွာအုပ်စုများအား မြို့နယ်ရုံးသို့ ဖိတ်ခေါ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)