မိုင်းဆတ် မေ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပညာရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပညာရေးဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးဇော်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်တို့က ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ KG+9 သင်ယူတတ်မြောက်ရေး၊ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ တက်ရောက်နိုင်ရေး၊ ဆရာဆရာမနှင့် ကျောင်းအဆောက်အဦလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်းများ ရွာကျောင်းများသို့ အချိန်မီပို့ဆောင်နိုင်ရေး၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပေးနိုင်ရေး၊ Clean & Green ဆုရရှိသည့် ကျောင်းများ ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေး၊ ပုဂ္ဂလိကကျောင်းများနှင့် စာကျက်ဝိုင်းများ ဥပဒေနှင့်အညီဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်တို့က၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ်နိုင်မှု၊ ဆရာဆရာမနှင့် ကျောင်းအဆောက်အဦလိုအပ်ချက်၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက ကျောင်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့်လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တာဝန်ရှိသူတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)