မိုင်းယောင်း၌ ကိုဗစ်-၁၉ ကာလအတွင်း ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ အခမဲ့ပေးဝေ

မိုင်းယောင်း  ဇန်နဝါရီ  ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ကလေးများအတွက် စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ပေးဝေရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်သည် မြို့နယ်အတွင်းရှိ အသက် ခုနစ်နှင့်အထက် ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စိတ်အပန်းဖြေစရာ ဆေးရောင်ခြယ် စာအုပ်များ ရှမ်းဘာသာဖြင့် ၅၀ အုပ်၊ မြန်မာဘာသာဖြင့် ၃၅ အုပ်ကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ပြီး အခမဲ့ လိုက်လံပေးဝေခဲ့ခြင်းဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ပျံ့နှံ့နေပြီး လူအများကို နေမကောင်း ဖြစ်စေပါတယ်။ ဒါ့ကြောင့် ယခုကာလမှာ ကျန်းမာလုံခြုံစွာ နေထိုင်ရေး၊ မိမိကိုယ်ကိုနှင့် အခြားသူများအား စောင့်ရှောက်ရေးဟာ ကျွန်မတို့အတွက် အရေးကြီးပါတယ်”ဟု မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်က ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် အကြောင်းအမျိုးမျိုး၊ အခြေအနေအရပ်ရပ်တို့ကြောင့် လူမှုရေးဒုက္ခနှင့် ကြုံတွေ့ နေရသူ ကလေးသူငယ်နှင့် မိသားစုများ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီး ရွယ်အိုများကို ကူညီစောင့်ရှောက်သည့် လုပ်ငန်းနှင့် လူမှုဝန်ထမ်းနည်းလမ်းများအရ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖော်ထုတ်ပေးခြင်းနှင့် ကူညီပေးခြင်း စသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း