မြစ်ကြီးနား မေ ၆
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပထမမြန်မာနိုင်ငံတော်တည်ထောင်ခဲ့သည့် အနော်ရထာမင်းစောလက်ထက်မှ စတင်၍ ခေတ်အဆက်ဆက်နိုင်ငံတော်အတွင်း မီးဘေးအပါအဝင်အခြားသော ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့သည့် အချိန်တိုင်းတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သက်စွန့်ကြိုးပမ်း၊ အစွမ်းကုန်အားထုတ်ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းမျာကို ဆက်လက်ထိန်းသိမ်းပြီး တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး ပြည်သူအားကိုးရသည့် တပ်ဖွဲ့ကြီးအဖြစ် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များက နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအာားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူများက မြို့မခန်းမအတွင်းနှင့် အပြင်တို့တွင် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အဆင့်မြင့်ပစ္စည်းကိရိယာများ၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ ယန္တရားများ ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းရွှေသွေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခြေခံပညာ ထက်၊ လယ်၊ မူ အဆင့်အလိုက် ကျောင်းသား/ ကျောင်းသူဦးရေ ၅၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကာတွန်း၊ ပန်းချီး၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးသည် အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန်နှင့် ယခုအထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” ဆိုသည်နှင့်အညီ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးက လာမည့်မျိုးဆက်တိုင်းကို အကာကွယ်ပေးနိုင်ရေးကာကွယ်ဆေးထိုးလုပ်ငန်းများ လွှမ်းခြုံအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအတွက် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား Documentary Story ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ရက်သတ္တပတ်များ အထိမ်းအမှတ်ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)