ပူတာအို မေ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံကျေးရွာနေပြည်သူများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၄ ရက် မွှန်းလွှဲ (၁) နာရီက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ စာရိတ္ထကျေးရွာ ရာဇီဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ရက် (၁၀၀) စီမံချက်ကာလအတွင်း ကျေးရွာမြေငှါးဂရန်ထုတ်ပေးနိုင်ရေးဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က ကျေးရွာမြေငှါးဂရန်ဆောင်ရွက်ရာတွင် ပါဝင်ရမည့်အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒိန်ခေါင်ဖုန်ရမ်က ကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကာ ခရိုင်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များက စာရိတ္ထကျေးရွာအတွင်း ကွင်းဆင်းမြေတိုင်းတာခြင်းနှင့် လမ်းဧရိယာစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
အလားတူ မချမ်းဘောမြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ဆင်လွမ်ဒမ်း-၁ကျေးရွာ ဇင်လုန်ဘက်စုံသုံး ခန်းမ၌ ခရိုင်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ လွတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံရာ ခရိုင်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှါးဂရန်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းပြောကြားကာ ခရိုင်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေး ခရိုင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးရွာမြေငှါးဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့် အဖွဲ့ဝင်များက မချမ်းဘောမြို့နယ် ဆင်လွမ်းဒမ်းကျေးရွာအတွင်း ကွင်းဆင်းမြေတိုင်းတာခြင်းနှင့် လမ်းဧရိယာစစ်ဆေးခြင်း လုပ်ငန်းများကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)