မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

မိုင်းတုံ မေ ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်မိုင်းတုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဖာချယ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ငွေကျပ်တစ်သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများ၊ အမိုးလန်ပျက်စီးနေအိမ် (၁၂) လုံးအတွက် (၁) လုံးလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းနေအိမ် (၁၃) လုံးအတွက်လည်ကောင်း လူဦးရေ ၂၃ ဦးအတွက် တစ်ဦးလျှင် ဆန်ဖိုးငါးထောင်ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၈၁၅၀၀၀ကျပ်) ကို လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ကြေးပေးအပ်ခြင်းဆိုင်ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ သိန်းဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မိုင်းဆတ်ခရိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မျိုးကျော်စိုး (ပြန်/ဆက်)